Showing posts with label ဘာသာပြန်ကဗျာများ. Show all posts
Showing posts with label ဘာသာပြန်ကဗျာများ. Show all posts

Monday, May 23, 2022

 အရှုံး

""""""""
မြန်မာပြန် ချိုကိုဘို
Defeat BY KAHLIL GIBRAN

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ အဖော်မဲ့ကင်း အထီးကျန်မှု....
မင်းတို့ဟာ အောင်ပွဲအရာအထောင်ထက်ပိုပြီး
ငါ့အပေါ် ကြင်နာကြသေးရဲ့
လောကဂုဏ်ကျက်သရေ အားလုံးထက်ပိုပြီး
ငါ့နှလုံးသားအပေါ် အချိုတကြည် ရှိလှသေးရဲ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ကိုယ်ငါ သိတဲ့အသိ၊ ငါ့ရဲ့ ပမာမခန့်နိုင်မှု.....
မင်းတို့ကြောင့်သာ
ငါ့ရဲ့ ပျိုမြစ်သွက်လက်မှုကို ငါသိမြင်ပြီး
ညှိုးရိနွမ်း အောင်ပန်းသပြေရဲ့
ထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့
မင်းတို့ကြောင့်သာ
ငါ့ရဲ့ ဧကစာဘဝကို ရရှိပြီး
ပယ်ရှားခံရခြင်းရဲ့ ပျော်ရွင်ဖွယ်အချက်ကို သိမြင်ခဲ့

 အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့တောက်ပတဲ့ ဓား နဲ့ ဒိုင်း....
မင်းတို့မျက်ဝန်းတွေထဲမှာ
ရာဇပလ္လင်ကိုရော သဘောက်ခြေချင်းကိုပါ
ငါ ဖတ်ရှုခဲ့ရ
ငါ့အပေါ် သိနားလည်မှုကိုရော နှိမ့်ချမှုကိုပါ
ငါ ဖတ်ရှုခဲ့ရ
ဖမ်းဆုပ်ခံရခြင်းဟာ ပြည့်စုံမှုဂိတ်ဆုံးသွားခြင်း ဖြစ်တယ်ဆိုတာ ငါသိမြင်ခဲ့
မှည့်ဝင်းသစ်သီးတစ်လုံး
ကြွေကျရ၊ အစားသုံးခံလိုက်ရသလိုပေါ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ ရဲရင့်တဲ့ အဖော်မွန်....
ငါ့တေးဆိုသံ အော်သံ တိတ်ဆိတ်သံတွေကို
မင်း ကြားရလိမ့်
ပြီးတော့
ပင်လယ်တွေနဲ့
ညအချိန် လောင်ကျွမ်းနေတဲ့ တောင်ကုန်းတို့ရဲ့ လှုံ့ဆော်သံတွေအကြောင်း
မင်းကလွဲပြီး ငါ့ကို ဘယ်သူမှ မပြောပြခဲ့
မတ်စောက်ပြီး ကျောက်သားအတိပြီးတဲ့
ငါ့ဝိညာဥ်ထက်ဆီသို့
မင်းကလွဲပြီး တက်ရောက်မယ့်သူ မရှိခဲ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ သေခြင်းမဲ့ ရဲစွမ်း....
မင်း နဲ့ ငါ အတူ
မုန်တိုင်းကို ရယ်သွေးသွမ်းကြမယ်
ပြီးတော့
ငါ့တို့အတွင်း သေဆုံးသွားတဲ့ အရာအာလုံးအတွက်
သေတွင်း တူးပေးကြမယ်
ပြီးတော့
နေရောင်အောက်မှာ ဆန္ဒတစ်ခု ကိုင်စွဲပြီး
အန္တရာယ်ကောင်တွေ ဖြစ်လိုက်ကြတာပေါ့


မြန်မာပြန် ချိုကိုဘို
Defeat BY KAHLIL GIBRAN