ငါဟာ
အရေးပါဆုံး အရာတွေကို
သိမ်းဆည်းစရာ အံဝှက်တစ်ခုကို
ပိုင်ဆိုင်တဲ့ ဖြစ်ကျိုးအင်း ဖြစ်တယ်
တစ်ယောက်တည်း နားလည်တဲ့
" စိတ်လိုက်တယ် မာန်မပါဘူး " ဆိုတဲ့မန္တာန်နဲ့
အံဝှက်ကို ဖွင့်ရတယ်
ပျော်စရာ ဖြစ်ရပ်တွေကို
အံဝှက်ရဲ့ အောက်ဆုံးမှာ ထားတယ်
အလွယ်တကူ မြင်နေရရင်
အလွယ်တကူ ပျော်ခဲ့ခြင်းမဟုတ်တာတွေကို
အလွယ်တကူ သတိရမိမှာစိုးလို့
လွှင့်မပစ်ရက်တဲ့
ဒဏ်ရာအကျိုးအကြေတွေကိုလည်း
ထည့်သိမ်းရတယ်
သတိရတိူင်း
အသစ်တဖန် ပြန်နာကျင်နိုင်အောင်လို့
အမာရွတ် တွေက မူလဒဏ်ချက်တွေနဲ့မှ
အံဝင်ခွင်ကျ ဖြစ်မယ်မို့လား
ငေးကြည့်စရာ ကောင်းကင်တစ်ခု ရှိနေတာ
ကောင်းကြောင်း သက်သေအဖြစ်
အံဝှက်လေးက အမြဲ ရှိနေအုံးမှာပဲ
ငါလို မြစ်ကျိုးအင်း ဆိုတာ
သမုဒ္ဒရာတွေကို ထားဘိဦး
ပင်လယ်သေထဲကိုတောင်
စီဆင်းခွင့် မရှိတော့တဲ့
မြစ်သေတစ်စင်းပဲ
ချိုကိုဘို
No comments:
Post a Comment