ကဗျာဆရာ
"""""""""""""""""
တစ်ပုဒ်ရေးတယ်
ချာလွန်းတယ် မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
သဒ္ဒါအထားအသိုမှားနေတယ် သဘောမတွေ့ဘူး
အမှိုက်တောင်းထဲထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
ကိုယ်တိုင်တောင် ဘာရေးထားမှန်းနားမလည်
သွားရော့ အမှိုက်တောင်းထဲ
နောက်တစ်ပုဒ်
ရှေ့နောက်မညီဘူး မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်ပြန်တယ်
နောက်တစ်ပုဒ်
ယုတ္တိမရှိဘူး
နောက်တစ်ပုဒ်
စကားလုံးတွေ ဝရုန်းသူန်ကားဆန်လွန်းတယ်
နောက်တစ်ပုဒ်
ဆိုလိုရင်းဝါးတားတား
နောက်တစ်ပုဒ်
ကြောင်ခြစ်ရာလို ရှုပ်ရှက်ခတ်
နောက်တစ်ပုဒ်
ုဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ရာသီဥတုကို
ကြည့်နေရသလို
နောက်တစ်ပုဒ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်....
ထိုနည်းနှင်နှင် ထိုနည်းနှင်နှင် ထိုနည်းနှင်နှင်.....
ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး
သူ့ကိုယ်သူ
အမှိုက်တောင်းထဲပစ်ထည့်ပြီး
အဆုံးစီရင်လိုက်တယ်
နှစ်အနည်းငယ်အကြာမှ
သူ့အလောင်းကို သူ့ကဗျာတွေနဲ့အတူတွေ့ကြရတယ်
လူတွေဟာအထူးအဆန်းအနေနဲ့
အလုအယက်ဖတ်ရှုကြ.....
တမဟုတ်ချင်းကမ္ဘာကျော်သွားတယ်
ပြီးတော့
သူ့ရဲ့အုတ်ဂူမှာ အခုလို
ကမ္ဗည်းရေးထိုးပေးကြတယ်
"ဤနေရာ၌ ကဗျာအဆန်ဆုံး ကဗျာဆရာတစ်ဦး
လဲလျောင်းလျက်ရှိသည်"
ချိုကိုဘို