Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, May 23, 2022

စစ်တုရင် ၄

အကျအဆုံး နည်းနည်းနဲ့ ှ အရှုံး

အကျအဆုံး များများနဲ့ အနိုင်
ဒီနှစ်မျိုး မှာ ဘယ်ဟာ ပိုကောင်းလဲ 
ဆုံးဖြတ်ရခက်တယ်

အကျအဆုံး လုံးဝမရှိပဲ
အနိုင်ရအာင် ကစားဖို့ မဖြစ်နိုင်လို့လည်း
စစ်တုရင် လို့ ခေါ်တွင်ရ 
ဘဝတုရင်လည်း ထိုနည်းနှင်နှင်

ဘုတ်ပြင်မှာဖြစ်ဖြစ်
မြေပြင်မှာ ဖြစ်ဖြစ်
အရင်းအနှီး ဆိုတာ
တချို့တလေစတေးခြင်းကို
စကားလှအောင်ခေါ်ရတဲ့ နာမည်တစ်ခုသာ

ချိုကိုဘို

အိမ်လွမ်းနာ

ကိုယ့်ရှေ့မှာရှိတဲ့ ရှုကွင်းတွေဟာ

မြင်ကွင်းအဖြစ်ကို ရောက်မလာခဲ့ကြ
အနားမှာ ကပ်ပြီး စီးဆင်းနေတဲ့
တိမ်လှိုင်းသံတွေကလည်း
အကြားအာရုံ အဖြစ်ကိို ရောက်မလာခဲ့ကြ
မြင်သိစိတ် ကြားသိစိတ် သွေးဆုံးနေသလို

နေ့တွေညတွေဟာ
သူ့တို့ရှေ့က အကောင်ရဲ့ အမြီးကို ကိုက်ပြီး
စီတန်းလှည့်လည်နေကြတယ်
သူတို့ ဘာပွဲသဘင်တွေ
ဆင်ယင်နေကြပါလိမ့် စေ့ငုဖို့ သတိမရ
ရာသီတွေ
တစ်ကောင်ပြီး တစ်ကောင်
ဖြတ်သန်းပြေးလွားသွားကြတယ်
ကိုယ်ကို ဝင်တိုက်သွားသလား ဘာလား
အမှတ်တမဲ့သာ
စိတ်ဟာ တစ်နေရာတည်းမှာသာ
ခိုတည်းနေလျက်သား
အဲဒီနေရာက " အိမ် "

လွမ်းတယ်
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်က
မရောက်ဖူးတဲ့ အိမ်ကို လွမ်းတယ်
အဲဒီအိမ်မှာ
ပြူတင်းပေါက်တွေကို
အရုဏ်ဦးနဲ့ ဘောင်ကွပ်ထားပြီး
အဝင်အတွက် တံခါးကို
ဆည်းဆာနဲ့ ဘောငိကွပ်ထားတယ်

စကားလုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်
ဒါပေမယ့် အဲဒီစကားလုံးတွေမှာ
အက္ခရာတွေ မပါဘူး
ဂီတကို
စိပ်တလှည့် ကျဲတလှည့် စီပြီးမိုးထားတဲ့ အိမ်
ဒါပေမယ့် အဲဒီဂီတမှာ အသံမပါဘူး
ပန်းချီကားတွေ  ကာထားတဲ့အိမ်
ဒါပေမယ့် အဲဒီပန်ချီတွေမှာ
အရောင်မပါဘူး
အိမ်ရှေ့မျက်နှာစာမှာ
ကဗျာတွေ
သဘာဝအလျောက်
အလေ့ကျပေါက်နေတဲ့ အိမ်
ဒါပေမယ့် အဲဒီကဗျာတွေမှာ
လက်မှတ်မပါဘူး

ချိုကိုဘို



အိမ်လွမ်းနာ
""""""""""""""""""

ကိုယ့်ရှေ့မှာရှိတဲ့ ရှုကွင်းတွေဟာ
မြင်ကွင်းအဖြစ်ကို ရောက်မလာခဲ့ကြ
အနားမှာ ကပ်ပြီး စီးဆင်းနေတဲ့
တိမ်လှိုင်းသံတွေကလည်း
အကြားအာရုံ အဖြစ်ကိို ရောက်မလာခဲ့ကြ
မြင်သိစိတ် ကြားသိစိတ် သွေးဆုံးနေသလို

နေ့တွေညတွေဟာ
သူ့တို့ရှေ့က အကောင်ရဲ့ အမြီးကို ကိုက်ပြီး
စီတန်းလှည့်လည်နေကြတယ်
သူတို့ ဘာပွဲသဘင်တွေ
ဆင်ယင်နေကြပါလိမ့် စေ့ငုဖို့ သတိမရ
ရာသီတွေ
တစ်ကောင်ပြီး တစ်ကောင်
ဖြတ်သန်းပြေးလွားသွားကြတယ်
ကိုယ်ကို ဝင်တိုက်သွားသလား ဘာလား
အမှတ်တမဲ့သာ
စိတ်ဟာ တစ်နေရာတည်းမှာသာ
ခိုတည်းနေလျက်သား
အဲဒီနေရာက " အိမ် "

လွမ်းတယ်
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်က
မရောက်ဖူးတဲ့ အိမ်ကို လွမ်းတယ်
အဲဒီအိမ်မှာ
ပြူတင်းပေါက်တွေကို
အရုဏ်ဦးနဲ့ ဘောင်ကွပ်ထားပြီး
အဝင်အတွက် တံခါးကို
ဆည်းဆာနဲ့ ဘောငိကွပ်ထားတယ်

စကားလုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်
ဒါပေမယ့် အဲဒီစကားလုံးတွေမှာ
အက္ခရာတွေ မပါဘူး
ဂီတကို
စိပ်တလှည့် ကျဲတလှည့် စီပြီးမိုးထားတဲ့ အိမ်
ဒါပေမယ့် အဲဒီဂီတမှာ အသံမပါဘူး
ပန်းချီကားတွေ  ကာထားတဲ့အိမ်
ဒါပေမယ့် အဲဒီပန်ချီတွေမှာ
အရောင်မပါဘူး
အိမ်ရှေ့မျက်နှာစာမှာ
ကဗျာတွေ
သဘာဝအလျောက်
အလေ့ကျပေါက်နေတဲ့ အိမ်
ဒါပေမယ့် အဲဒီကဗျာတွေမှာ
လက်မှတ်မပါဘူး

ချိုကိုဘို

မိုနိုပိုလီ

လှိမ့်နေတဲ့အံစာတုံးလေးဟာ

ခုနစ်မှာရပ်သွားတယ်
နတ်ပြည်ရဲ့ မြေညီထပ် . . .
ဝမ်းသာအားရ အိမ်တစ်လုံးဆောက်လိုက်တယ်

နောက်တစ်ကြိမ် တစ် ကျတယ်
နတ်ပြည် ဒုတိယအထပ်ကို ရောက်တယ်
အိမ်တစ်ဆောင်ဆောက်ဖြစ်ပြန်တယ်
တစ် ချည်းပဲ နောက်ထပ် လေးကြိမ်တိတိ ကျအပြီး
နတ်ပြည်ခြောက်ထပ်မှာ
အိမ်သုံးဆောင် နဲ့ ဟိုတယ်သုံးလုံး
ရင်းနှီးမြှုပ်နှံ ဖြစ်ခဲ့တယ်
တစ်ပတ်ပြီးတစ်ပတ်သာ ကုန်သွားတယ်
အိမ်ငှားမယ့်သူ လည်းမလာ
ဟိုတယ်အခန်းလဲ မငှားရ
စရိတ်တောင် အနိုင်နိုင်
အခွန်ကြွေးတွေလည် တက်ပြီးရင်း တက်နေရောပဲ

နောက်ဆုံး
ရှိစုမဲ့စု အင်အားနဲ့
အံစာတုံးကို အနိုင်နိုင် မ ပြီး လွှတ်ချလိုက်တယ်
၁၃ခွဲ ကျတယ်
ငရဲပြည် မြေညီထပ် တဲ့
မတတ်နိုင်တော့ဘူးလေ
အရှုံးပေါ်နေတဲ့ နတ်ပြည်ခြောက်ထပ်စလုံးရောင်း
ငရဲမှာပဲ အပြီးနေတော့မယ့်ကြံ
ရဲတိုက်အကြီးကြီးတစ်ခု
ကိုယ်တိုင်နေဖို့ ဆောက်ဖြစ်ခဲ့တယ်
ဒါပေမယ့်
ဆောက်လို့မှမပြီးခင်မှာပဲ
အလို...
အခန်းအားလုံး ဘွတ်ကင်ပြည့်သွားရဲ့! ! !

ချိုကိုဘို

စိတ်လိုက်တယ် မာန်မပါဘူး

ငါဟာ

အရေးပါဆုံး အရာတွေကို
သိမ်းဆည်းစရာ အံဝှက်တစ်ခုကို
ပိုင်ဆိုင်တဲ့ ဖြစ်ကျိုးအင်း ဖြစ်တယ်
တစ်ယောက်တည်း နားလည်တဲ့
" စိတ်လိုက်တယ် မာန်မပါဘူး " ဆိုတဲ့မန္တာန်နဲ့
အံဝှက်ကို ဖွင့်ရတယ်

ပျော်စရာ ဖြစ်ရပ်တွေကို
အံဝှက်ရဲ့ အောက်ဆုံးမှာ ထားတယ်
အလွယ်တကူ မြင်နေရရင်
အလွယ်တကူ ပျော်ခဲ့ခြင်းမဟုတ်တာတွေကို
အလွယ်တကူ သတိရမိမှာစိုးလို့

လွှင့်မပစ်ရက်တဲ့
ဒဏ်ရာအကျိုးအကြေတွေကိုလည်း
ထည့်သိမ်းရတယ်
သတိရတိူင်း
အသစ်တဖန် ပြန်နာကျင်နိုင်အောင်လို့
အမာရွတ် တွေက မူလဒဏ်ချက်တွေနဲ့မှ
အံဝင်ခွင်ကျ ဖြစ်မယ်မို့လား

ငေးကြည့်စရာ ကောင်းကင်တစ်ခု ရှိနေတာ
ကောင်းကြောင်း သက်သေအဖြစ်
အံဝှက်လေးက အမြဲ ရှိနေအုံးမှာပဲ

ငါလို မြစ်ကျိုးအင်း ဆိုတာ
သမုဒ္ဒရာတွေကို ထားဘိဦး
ပင်လယ်သေထဲကိုတောင်
စီဆင်းခွင့် မရှိတော့တဲ့
မြစ်သေတစ်စင်းပဲ

ချိုကိုဘို

ကဗျာဆရာ

 ကဗျာဆရာ

"""""""""""""""""

တစ်ပုဒ်ရေးတယ်
ချာလွန်းတယ် မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
သဒ္ဒါအထားအသိုမှားနေတယ် သဘောမတွေ့ဘူး
အမှိုက်တောင်းထဲထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
ကိုယ်တိုင်တောင် ဘာရေးထားမှန်းနားမလည်
သွားရော့ အမှိုက်တောင်းထဲ
နောက်တစ်ပုဒ်
ရှေ့နောက်မညီဘူး မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်ပြန်တယ်
နောက်တစ်ပုဒ်
ယုတ္တိမရှိဘူး
နောက်တစ်ပုဒ်
စကားလုံးတွေ ဝရုန်းသူန်ကားဆန်လွန်းတယ်
နောက်တစ်ပုဒ်
ဆိုလိုရင်းဝါးတားတား
နောက်တစ်ပုဒ်
ကြောင်ခြစ်ရာလို ရှုပ်ရှက်ခတ်
နောက်တစ်ပုဒ်
ုဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ရာသီဥတုကို
ကြည့်နေရသလို
နောက်တစ်ပုဒ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်....
ထိုနည်းနှင်နှင် ထိုနည်းနှင်နှင် ထိုနည်းနှင်နှင်.....

ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး
သူ့ကိုယ်သူ
အမှိုက်တောင်းထဲပစ်ထည့်ပြီး
အဆုံးစီရင်လိုက်တယ်
နှစ်အနည်းငယ်အကြာမှ
သူ့အလောင်းကို သူ့ကဗျာတွေနဲ့အတူတွေ့ကြရတယ်
လူတွေဟာအထူးအဆန်းအနေနဲ့
အလုအယက်ဖတ်ရှုကြ.....
တမဟုတ်ချင်းကမ္ဘာကျော်သွားတယ်
ပြီးတော့
သူ့ရဲ့အုတ်ဂူမှာ အခုလို
ကမ္ဗည်းရေးထိုးပေးကြတယ်
"ဤနေရာ၌ ကဗျာအဆန်ဆုံး ကဗျာဆရာတစ်ဦး
လဲလျောင်းလျက်ရှိသည်"

ချိုကိုဘို